16 December, 2014

တရုတ်ရဲက မသင်္ကာသဖြင့် ရှာဖွေရာမှ မြန်မာနိုင်ငံသား အလောင်းတွေ့ရှိ


လားရှိုး ဒီဇင်ဘာ ၁၅

တရုတ်နိုင်ငံ ဝမ်တိန်တံတားထိပ်တွင် မသင်္ကာဖွယ်ရာ မော်တော်ယာဉ်ကို စစ်ဆေးရာမှ မြန်မာနိုင်ငံသားတစ်ဦး၏အလောင်းတွေ့ရသည် ဟု ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီ တွင် တရုတ်နိုင်ငံ ရွှေလီမှုခင်းတပ်ဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဆက်သွယ် အကြောင်းကြားခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် ရဲတပ်ဖွဲ့ကတရုတ် နိုင်ငံရွှေလီမြို့ ဆေးရုံတွင်ရှိနေသော အသက် (၅၅ နှစ်)အရွယ်ရှိ မြန်မာအမျိုးသားအလောင်းကို သွားရောက်အတည်ပြုခဲ့ရာ လားရှိုးမြို့နယ်မြေ ရဲစခန်းမှ လူပျောက်တိုင်ကြားထား သူဖြစ်သည်ဟု သိရသည်။ သေဆုံးသူ မှာ လားရှိုးမြို့ ရပ်ကွက်(၂) နယ်မြေ (၆)ပုဂံလမ်းအမှတ်(၁၂)တွင် နေထိုင်သူ ဦးမျိုးမြင့် (၅၅ နှစ်)ဖြစ်ပြီး လားရှိုး မြို့ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း၊ လားရှိုးမြို့တွင် Happy Time ကစား ရုံလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး တင်ဖေဝင်းက ပြောသည်။

သေဆုံးသူ ဦးမျိုးမြင့်ထံသို့ ဒီဇင်ဘာ ၁ဝ ရက်က တရုတ်နိုင်ငံသားသုံးဦးရောက်လာပြီး တရုတ်စကားပြန်ဖြင့် စကားပြောကြရာ ၄င်းတို့မှာ ရွှေလုပ်ငန်းလုပ်ကိုင်သူများ ဖြစ်ကြောင်း၊ ဦးမျိုးမြင့်အား လုပ်ငန်းရှယ်ယာပါဝင်လုပ်ကိုင်လိုခြင်း ရှိ ၊မရှိ မေးရာ ဦးမျိုးမြင့်က မလုပ်ကိုင်လို ကြောင်းပြောဆိုခဲ့သည်ဟု Happy Time မန်နေဂျာဖြစ်သူ ကိုကျော်မြင့်သန်းက ပြောဆိုသည်ဟု သိရသည်။

ဒီဇင်ဘာ ၁၂ ရက် နံနက် ၁ဝ နာရီ ၂၇ မိနစ်တွင် ဦးမျိုးမြင့်သည် နေအိမ်သို့ ပြန်ရန် Happy Time မှ ပြန်လာသော်လည်း နေအိမ်သို့ပြန် မရောက်သဖြင့် ညနေ ၄ နာရီတွင် မိသားစုက စုံစမ်းရှာဖွေတိုင်ချက်ဖွင့်ခဲ့ ကြောင်း၊ ရဲတပ်ဖွဲ့က လူပျောက်မှုခင်းအဖြစ် လက်ခံပြီး နယ်မြေရဲစခန်းများသို့ ဆက်သွယ်ခဲ့ပြီး ဦးမျိုးမြင့်၏မော်တော်ယာဉ်ထွက်ရာ လမ်းပေါ်ရှိ CCTV ကင်မရာများ စစ်ဆေးရာ ဒီဇင်ဘာ ၁၂ ရက် နံနက် ၁ဝ နာရီ ၂၇ မိနစ်တွင် ဦးမျိုးမြင့်က ကားမောင်း ပြီး Happy Time မှထွက်သည်ကို တွေ့ရပြီးနောက် နံနက် ၁ဝ နာရီ ၃၇ မိနစ်တွင် ဦးမျိုးမြင့်၏ မော်တော်ယာဉ်ကို အခြားသူတစ်ဦးမောင်းနှင်ပြီး ပါဂျဲရိုးယာဉ်နှစ်စီးက ရှေ့တစ်စီးနောက်တစ်စီး ထွက်ခွာသွားသည်ကို တွေ့ရကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးကပြောသည်။

ဦးမျိုးမြင့်၏ညီဖြစ်သူသည် မြန်မာအေပတ်ကုမ္ပဏီကို ၂ဝဝ၅ ခုုနှစ်မှ စတင်ပြီးတရုတ်နိုင်ငံသားများနှင့် အတူလုပ်ကိုင်ခဲ့ရာ လုပ်ငန်းမအောင်မြင်ဘဲ ဆုံးရှုံးခဲ့သဖြင့် ဦးမျိုးမြင့်တို့ဘက်မှ ငွေယွမ်သိန်း၂ဝ ကို ၂ဝ-၃-၂ဝ၁၁ ရက်တွင် စာချုပ် စာတမ်းများဖြင့်ပေးလျော်ခဲ့ရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသားတစ်ဦးက ဦးမျိုးမြင့် ထံ ငွေကျပ်သိန်း ၃ဝဝ လာရောက် တောင်းခံဖူးသည်ဟု သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားများ သည် မြန်မာပြည်သို့ တရားဝင်ဗီဇာဖြင့် လာရောက်သူများဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူများမှာ တရုတ်နိုင်ငံသား များဖြစ်ခြင်း၊ တရုတ်နိုင်ငံ ဝမ်တိန် မြို့၌ဖြစ်ခြင်းတို့ကြောင့် တရုတ်နိုင်ငံတွင်သာ စစ်ဆေးရန်ရှိပြီး မြန်မာ နိုင်ငံဘက်မှ နှစ်နိုင်ငံပါဝင်ပူးပေါင်းဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ဦးမျိုး မြင့်ပျောက်ဆုံးရခြင်းအတွက် လားရှိုး မြို့တွင် လူပျောက်မှုဖွင့်ခဲ့ပြီးနောက် နယ်မြေစခန်းမှ ပထမသတင်းပေး ချက် အမှတ်(၁၅၈/၂ဝ၁၄)ဖြင့် အမှု ဖွင့်လှစ်ဆောင်ရွက်ကြောင်း နယ်မြေ ရဲစခန်းမှူးက ပြောသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

0 comments: