17 December, 2014

ပါကစ္စတန် စာသင်ကျောင်း အတိုက်ခံရ၊ ၁၄၁ ဦး သေ

သေဆုံး ဒဏ်ရာရသူ အများစုက ကျောင်းသားငယ်တွေ ဖြစ်

ပါကစ္စတန် နိုင်ငံ အနောက်မြောက်ပိုင်းက ပက်ရှ်ဝါ ဒေသမှာ စာသင်ကျောင်း တစ်ကျောင်းကို တာလီဘန်တွေ ဝင်ရောက် စီးနင်း တိုက်ခိုက် ခဲ့ကြတဲ့အတွက် ကျောင်းသား ကလေးငယ် အများစု ဖြစ်တဲ့ လူ ၁၄၁ ယောက် သေဆုံး ခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

စစ်တပ်က ဖွင့်ထားတဲ့ အဲဒီ ကျောင်း အဆောက်အဦကို ဝင်ရောက် တိုက်ခိုက်တဲ့ စစ်သွေးကြွ ရ ယောက်လုံး သေဆုံး ခဲ့ပြီး အဲဒီ အထဲက တစ်ယောက်က အသေခံ ဖောက်ခွဲ တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

ပါကစ္စတန်မှာ ဖြစ်ခဲ့တဲ့ စစ်သွေးကြွ တွေရဲ့ တိုက်ခိုက်မှုတွေ အတွင်း လူတွေ ထောင်နဲ့ချီ သေဆုံး ခဲ့ရပြီး ဖြစ်ပေမယ့် အခု တိုက်ခိုက်မှုကတော့ အဆိုးရွားဆုံး ဖြစ်ပါတယ်။

စစ်သွေးကြွတွေဟာ ကျောင်းသားတွေကို ဓားစာခံ အဖြစ် ဖမ်းဆီးဖို့ ရည်ရွယ်ပုံ မရဘဲ များနိုင်သမျှ များများ သတ်ဖြတ်ဖို့သာ ရည်ရွယ်ခဲ့ပုံ ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မြောက်ဘက် ဝါဇီရစ္စတန် ဒေသနဲ့ ခိုင်ဘာ ဒေသတွေမှာ တာလီဘန်တွေ အပေါ် ထိုးစစ် ဆင်နေတာကို လက်တုန့်ပြန်တဲ့ အနေနဲ့ အခုလို တိုက်ခိုက်ခဲ့တာလို့ တာလီဘန်တွေက ကြေညာ ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/12/141216_pakistan_taliban_kill_126

0 comments: