17 December, 2014

မြန်မာလွှတ်တော်အမတ်တွေ လူထုထိတွေ့မှု နည်း

လွှတ်တော် ရပ်နားထား ချိန်ကာလမှာ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ သူတို့ရဲ့ မဲဆန္ဒနယ်ကို ပြန်လည် ဂရုစိုက်ပြီး သွားလာတဲ့ အပိုင်းဟာ အင်မတန်မှ နည်းနေတယ်လို့ ပြည်တွင်းက လွှတ်တော် လေ့လာစောင့်ကြည့်ရေး အဖွဲ့က အမှုဆောင် ဒါရိုက်တာ တဦးက ပြောပါတယ်။

ဒီလိုမျိုး ကိုယ်မဲဆန္ဒနယ်ကို လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်ပြီး လှည့်မကြည့်ကြတာဟာ ငွေကြောင့်လား၊ သူတို့ရရှိတဲ့ အချိန်ကြောင့်လား ဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အများစုအနေနဲ့ သူတို့မဲဆန္ဒနယ်တွေ ပြန်ပြီး ဘာကြောင့် လှည့်မကြည့်နိုင်သလဲ ဆိုတာကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ရဲ့မဲဆန္ဒနယ်တွေ ပြန်ပြီးတော့ ကွင်းဆင်းတာ၊ မဲဆန္ဒရှင်ပြည်သူတွေနဲ့ တွေ့တာမျိုးတွေ လုပ်တဲ့အပိုင်းမှာ သိသိသာသာ အားနည်းနေတယ်လို့ ပြည်တွင်းမှာ ဖွဲ့စည်းထားတဲ့ လွှတ်တော်စောင့်ကြည့်ရေးအဖွဲ့ OMI ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုအေးကျော် က ဗွီအိုအေကို ပြောပါတယ်။

“ပြောလို့ရတာတခုကတော့ ရှိတယ်ဗျာ။ လွှတ်တော်ကိုယ်စားလှယ်အများစုဟာ ဒီလိုမျိုး လွှတ်တော်ရပ်နားတဲ့ အချိန်တွေမှာ သူတို့ရဲ့ မဲဆန္ဒနယ်တွေက ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံတာကတော့ အရမ်းကို အားနည်းပါတယ်။ အရမ်းကို အားနည်းပါတယ်။ အဲ့ဒါတော့ ကျနော်တို့ တွေ့ပါတယ်။”

လက်ရှိအချိန်ဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေ ရပ်နားထားချိန်ဖြစ်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် အများစုဟာ သူတို့ရဲ့မဲဆန္ဒနယ်တွေကို အချို့က သွားကြသလို၊ အချို့ကလည်း မဲဆန္ဒနယ်တွေ ပြန်နေတာမျိုးတော့ မတွေ့ရပါဘူး။

အာဏာရပါတီကြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် အချို့ကတော့ သူတို့ရဲ့မဲဆန္ဒနယ်တွေကို ပြန်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာကိုတော့ တွေ့ရပါတယ်။ ဒါပေမဲ့ အတိုက်အခံပါတီ အမျိ်ုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် အချို့ကတော့ သူတို့ရဲ့မဲဆန္ဒနယ်တွေ ပြန်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တာ၊ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံတာမျိုးတွေ လုပ်တာတော့ မတွေ့ပါဘူး။

မဲဆန္ဒနယ်တွေကို ပြန်ပြီးတော့ ပြည်သူနဲ့တွေ့တာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နိုင်တာဟာ အချိန်ရယ် ငွေရယ်နဲ့ အဓိက သက်ဆိုင်တဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ညာဏစိုးက အခုလို ပြောပါတယ်။

“အဓိကအားဖြင့်တော့ time factor နဲ့ ဒီဒီ money factor လို့ပဲ ကျနော်တို့ကတော့ ပြောချင်ပါတယ်။ ဟိုဟာပေါ့နော် additional အနေနဲ့ ပြောရရင်တော့ အဲ့ဒါကတော့ တကယ့်တကယ်တော့ဗျာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီဆိုကတည်းက MP လေ ဟုတ်တယ်မို့လား representative တခုခုကို represent လုပ်ထားတဲ့အခါကျတော့ ကိုယ့်ရဲ့ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်ကိုတော့ ဟိုဟာပေါ့ အလေးမထားဘဲ ဒါကတော့ စိတ်ဓာတ်ရေးရာပိုင်းပေါ့နော် အလေးထားဖို့ သင့်တယ်ပေါ့ဗျာ။ ဒါကတော့ additional ပြောတာပါ။ အဲ့လို လွှတ်တော်ကိုယ်စားလှယ်မျိုး ရှိတယ်လို့တော့ စွပ်စွဲတာမျိုးတော့ မဟုတ်ပါဘူး။”

လွှတ်တော်ရပ်နားထားတဲ့အချိန် ကိုယ်ရဲ့မဲဆန္ဒနယ်ကို ပြန်ပြီး ကိုယ့်ကို မဲပေးထားတဲ့ ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လွှတ်တော်ကိုယ်စားလှယ်တွေမှာ တာဝန်ရှိတယ်လို့ လက်ရှိအချိန်မှာ သူ့ရဲ့မဲဆန္ဒနယ် ဂန့်ဂေါကို ပြန်ရောက်နေတဲ့ အာဏာရပါတီ ပြည်ခိုင်ဖြိုးရဲ့ ဗဟိုကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

“ကျနော်တို့လို လွှတ်တော်ကိုယ်စားလှယ်တယောက်ရှိတာဟာ ထိုက်တန်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ဖို့တော့ လိုတာပေါ့။ အလကားနေရင်း လွှတ်တော်ကိုယ်စားလှယ် ရှိနေပြီးတော့ အဲ့ဒီဒေသကို ဖွံ့ဖြိုးတိုးတက်ရေးကို မလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ အဲ့ဒီလွှတ်တော်ကိုယ်စားလှယ် ရနေတာဟာ မရတာနဲ့ ဘာမှမထူးပါဘူးဗျာ။”

အခုအချိန်ဟာဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့လည်း နီးနေတဲ့အချိန် ရောက်ပြီဖြစ်တဲ့အတွက် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ရဲ့မဲဆန္ဒနယ်တွေကို ပြန်ဖို့ အရေးတကြီး လိုအပ်နေသလို၊ ပြည်ခိုင်ဖြိုးပါတီလို ငွေကြေးပိုင်း မတောင့်တင်းတာကတော့ ခြွင်းချက်အနေနဲ့ ပြောစရာရှိတယ်လို့ မြန်မာ့အရေး လေ့လာ အကဲဖြတ် ဒေါက်တာ ရန်မျိုးသိမ်း က ပြောပါတယ်။

“ငွေရေးကြေးရေးပေါ့လေ နောက် ရန်ပုံငွေ အကျပ်အတည်းကြောင့်လည်းဖြစ်နိုင်တယ်။ နောက်ပြီးတော့ အခြားပေါ့လေ အခက်အခဲ အချို့ကြောင့်လည်းပဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျနော့်ရဲ့အမြင်ကတော့ ဘယ်လိုအကြောင်း ဘယ်လိုအခက်အခဲဘဲရှိရှိ အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ရဲ့ မဲဆန္ဒနယ်တွေကို ကိုယ်တိုင်သွားရောက် ကိုယ်တိုင်ဆင်းပြီးတော့ မဲဆန္ဒရှင် ပြည်သူလူထုကြီးအနေနဲ့ တွေ့ရှိဖို့ဟာ နိုင်ငံရေးအရ အတော့်ကို အရေးကြီးတယ်လို့ ကျနော်က မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လာမယ့်နှစ်မှာ ရွေးကောက်ပွဲပြန်ပြီးလုပ်ဖို့ အလားအလာတွေ မြင့်မားနေတဲ့ အခြေအနေမျိုးမှာ သက်ဆိုင်ရာ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံတာဟာ နိုင်ငံရေးအရရော၊ ဗျူဟာမြောက် စဉ်းစားမှုအရရော အရေးပါတယ်လို့ ကျနော်ကတော့ မြင်ပါတယ်ခင်ဗျ။”

လက်ရှိအချိန်မှာတော့ ပြည်သူ့လွှတ်တော်မှာ အရပ်သားကိုယ်စားလှယ် ၃၃၀ ဦး ပြီးတော့ အမျိုးသားလွှတ်တော်မှာ အရပ်သားကိုယ်စားလှယ် ၁၆၈ ဦး ရှိပြီးတော့၊ အာဏာရ ပြည်ခိုင်ဖြိုးပါတီ ပြီးရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒုတိယအင်အားအကြီးဆုံး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက တတိယ အင်အားအများဆုံးနဲ့ လွှတ်တော်ကိုယ်စားလှယ် အသီးသီးရှိနေတာလည်း ဖြစ်ပါတယ်။

အောင်ရဲ မောင်မောင် / ဗွီအိုအေ  (မြန်မာပိုင်း)
http://burmese.voanews.com/content/article/2561379.html

0 comments: